jump to navigation

အိမ်ရှေ့မင်းနှင့်လှိုင်ထိပ်ထား May 4, 2012

Posted by myanmarclassical in ကိုမင်းနောင်, ထား, ဘောလယ်သီချင်းများ.
Tags: , , ,
trackback

ဒီတခါ ထူးထူးခြားခြား သီချင်းတစ်ပုဒ် တင်ပေးလိုက်ပါတယ်။ နာဂဆဒ္ဒန် နဲ့ ဖူးပွေ့လက်တင် ဘောလယ် ၂ပုဒ် နဲ့ စက်လဲပျော်ပါနိုင်ယိုးဒယားသီချင်းတွေကို ပဒေသာသဘော ဆိုထားတာပေါ့။ အဆိုတော်ကြီး ဦးမင်းနောင်နဲ့ ဒေါ်ထား တို့ကသီဆိုထားပြီး အလင်္ကာကျော်စွာ စောင်းဦးဘသန်းက စောင်းနဲ့တီးပေးထားတယ်။

ဒီဘောလယ် ၂ ပုဒ်က ရာဇဝင်ရှိတယ်။  အိမ်ရှေ့စံကနောင်မင်းသားကြီးနဲ့ လှိုင်ထိပ်ခေါင်တင်ကို သိကြမှာပါ။ တစ်ခါသော် တိုင်းရေးပြည်ရေးနဲ့ အလုပ်ရှုပ်နေတဲ့ အိမ်ရှေ့မင်းဟာ လှိုင်ထိပ်ထားအဆောင်ကို မလာတာအတော်ကြာသွားတယ်။ တစ်ညနေ ပြုံးစား ရောက်လာသတဲ့။ မျက်နှာထား ခက်တည်တည်နဲ့ စကားလဲမပြောဘူး။ စားတော်ပွဲတည်ခင်းတော့လဲ ဝင်စားပြီးလှိုင်ထိပ်ထားကို စကားမပြောဘူးတဲ့။ အဲ့ဒါကြောင့် လှိုင်ထိပ်ထားက စိတ်ခုပြီး နည်းနည်း ဆောင့်အောက်မိသတဲ့။ အဲ့ဒီမှာ အိမ်ရှေ့မင်းက စိတ်ဆိုးပြီး လက်သုံးတော်ဓား လှမ်းဆွဲပြီး “သယ် ငါထပိုင်းလိုက်ရ” လို့ပြောမိသတဲ့။ အဲ့ဒါနဲ့ ထုံးစံအတိုင်း လှိုင်မင်းသမီး စိတ်ကောက်ပြီး မိဘုရားခေါင်းကြီးအဆောင်မှာ ပြောင်းနေသတဲ့။ ပြီးတော့ နာဂဆဒ္ဒန်သီချင်းကို စပ်လိုက်တာပေါ့။

နာဂဆဒ္ဒန်သီချင်းကို အိမ်ရှေ့မင်းကြားတော့ သူလွန်သွားတာကိုနောင်တရ သတဲ့။ လှိုင်ထိပ်ထားကိုချော့ဖို့ သီချင်းကဗျာကလဲ မရေးတက်တော့ သူကျွန်ယုံ မြင်းစာရေးကြီးညီ မောင်မောင်ဘကို ဘောလယ်တစ်ပုဒ် စပ်ခိုင်းပြီး လှိုင်ထိပ်ထားဆီပို့စေတယ်။ အဲ့ဒီသီချင်းက ဖူးပွေ့လက်တင်ပေါ့။

ဒါဆိုဒီသီချင်း ၂ပုဒ်ရဲ့ နောက်ကြောင်းလေးကို သိပြီပေါ့။ အခုကျွန်တော်တင်ပေးမယ့် သီချင်းမှာတော့ နာဂဆဒ္ဒန်ကို ထား ၊ ဖူးပွေ့လက်တင်ကို ကိုမင်းနောင် တို့က တလှည့်ဆီ သီဆိုပေးထားပါတယ်။ သီချင်း ၂ ပုဒ်လုံး အစအဆုံးမဟုတ်ပါ ဘူး။သီချင်း အစအဆုံးကိုတော့ နောက်များမှာ တင်ပေးပါ့မယ်။ အခုကတော့ အရသာလေးမြည်းစမ်းယုံပေါ့။ ဘောလယ်ကို မိန်းမ ယောက်ျား ဆိုဟန် နှစ်မျိုးကို လေ့လာနားဆင်ရမှာဖြစ်ပါတယ်။

အိမ်ရှေ့မင်းမျက်မာန်တော်ပွားကြောင်းကို

အိမ်ရှေ့မိဖုရား လှိုင်ထိပ်ခေါင်တင်ရေးသော ဘောလယ်

(ဂီတဝိသောဓနီမူ)

နာဂဆဒ္ဒန်၊ သန္ဓေမှန်နှစ်ပေပ။ ချိန်မူးစစ်-တိမ်တိုက်စံ။ စက်သွားသီလ၀င်။ စိန်ရွှေရိုးငယ်လေး။ဘိုးပြည်ထိုက်တန်။ ။ ရွှေကိုယ်တော်ဘုန်းမှာလ၊ လက်သုံးတော်မှန်။ မချွင်းချန်ပါနှင့်-ရာသက်ပန်ပေါင်း။ မြတ်ဥာဏ်ယူလောင်းပါလို့ ။ ဆုတောင်းပါတယ်။ ရာဇဂုဏ်မာန်။ ကြိမ်ကြိမ်ထပ်တယ်လေး။

ပိုင်းသက်မဲ့ရွယ်။ တကယ်ပင်မုန်းတော့မလား။ မောင်ဘုန်းကြွယ်။ ရှောင်လွှဲငယ်သွေဖယ်လို့ ။ မတာတွယ်ဘဲ။ ရွှေရင်ထဲမှာလှ။ ငွေသဲဆိုင် ကျွမ်းလှုကြွှေယိုင်။ အို-ဆယ်ပြန်သက်ကိုလေး။ နှင်းဆက်တော့နိုင်။ ။
မြတ်စိန္တေဦးမှာလ။ ဆုထူးတော်ပိုင်။ မယိမ်းယိုင်အောင်လို့-ကြံပါကဘဲ။ ဘုန်းမဘန်ဘဲငယ်နှင့်-ကံလဲမကူ။ သင်းပျံ့ ဘုံဘွေ။ တကိုယ်ရေဆွေးတယ်
လေးတွေးကြံလို့ ပူ။ ။ မာလာရုံကွန်းမှာလ-ချွေညွှန်းပျံ့ကြူ။ ဟိုရှေးငယ်တမူနှင့်။ မတူလေဘဲ။ ပေါ်ရံချွဲငယ်နှင့်ထဲဝါပုံဆောင်။ သိပေါ့သခင်။ဘမယာ ကွန်းမှာလေး၊ ထွန်းနေလရောင်။ ။ ဆိုဆိုပေသားငယ်နှင့်။ မယ်နားမထောင်။ ရိုးပြာမြေတိုင်အောင်ပ-ကြံရွှယ်ဆောင်ပေါင်း။ ရှေးသူဟောင်းငယ်တို့ -
ပုံသက်သေ၊ နိမှသောင်။ နောင်မှသိမယ်လေး။ ထုံးရှိလျက်ပေ။ ။
(သဖြန်)    တွေးဆမချန်။ ရှေ့နောက်ကယ်ပြန်လှန်လို့ ။ ဖန်ဖန်စိတ်ထဲ။ ။ဘုန်းရှိသူ။မုန်းပြစ်ကိုရင်မယူနှင့်။ သွင်တမူ-ကြင်သူလွှဲပါဘူး။.      ထူးတဲ့ ကံဘဲ။  ။
အိမ်ရှေ့မင်းသို့ မြင်းစာရေးကြီးညီ မောင်မောင်ဘရေးဆက်သောဘောလယ်
၊ လှိုင်ထိပ်ခေါင်တင် ရေးသော “နာဂဆဒ္ဒန်ချီ” ဘောလယ်ကို ပြန်ရေးသည်
(ဂီတဝိသောဓနီမူ)
ဖူးပွေ့ လက်တင်။ တွေ့ မြင်ချင်ရေးငယ်နှင့်။ နေ့စဉ်ပင်ဆွေးပါရ။ ငေးငိုမိမှိုင်။ လဲမလို့-သဲညှို့ ခွေယိုင်။ မပြေနိုင်ကြွမ်းတယ်လေး။ လွမ်းဗျာထုဆိုင်။ ။ လက်သုံးတော်ဓားကိုလ။ ယောင်မှားကာကိုင်။ နိုင်ချင်လိုလို့-ဟုတ်ပါဘဲ။ နှုတ်အာရဲတယ်လို့ အပြစ်တင်။ မချစ်ပြင်ပြင်။ ချစ်ရင်
အကျိုးကိုလေး။ ငြိုးမာန်ဖွဲ့ဆင်။   ။ သတ်တော်မူရက်ထာဖြင့်။ အသက်ကိုပင်။ ကျေနပ်အောင်စီရင်၍။ ပြုချင်တော်တိုင်း။ ခုခင်နော်ဆိုင်းပါနှင့်။ ပိုင်းဘို့ ရယ်။ မြရိုးသီလ၀င်။ သံစက်သွားကိုလေးထားအပ်ပမယ်။  ။ ငါးပါးမာန်တက်သူမို့ ။ ရက်စက်လေတယ်။ သက်သက်ကယ်သွေဖယ်လို့ ။
မေတကယ်စိမ်း။ သေလွယ်မှငြိမ်းမှာထင့်နွဲ့ယိမ်း နွဲ့ယိုင်၊ မြစိမ်းလဲ့ခိုင်။သန္ဓေနှစ်ကယ်လေး။ စိမ်းရှာဖြစ်နိုင်။   ။

မြဝတီမင်းကြီးရေးသော  ယိုးဒယား နှဲလိုက် (အီနောင်)
(ဂီတဝိသောဓနီမူ)
စက်လဲပျော်ပါနိုင်၊ နန်းပင်တိုင်ကြော့၊ ကြာရံလယ်။ yhinယဉ်ရွေလုံး။ ရွှေကေသီ၊ စုံညီပျော်ပါး။ ရွေဝန်းလျား။  ။ မြယွန်းသန်းယံကျော်။ နန်းပဟိုရ်ဆော်လဲ- ပျော်ဘဲသား။   ။ ဘယ်ဆီမှာ။။ ဘယ်ဘုန်းအား။ ပျော်တော်ငြား ရှာလိမ့်မယ်။ သူ့တိုင်းကြော့-ကာလံနယ်။ လွမ်းတာကြွယ်လို့ ပူနယ်ပွား။ ဘယ်ဆီမှာ ဘယ်ဘုန်းအား။ ပျော်တော်ငြား ရှာလိမ့်မယ်။ သူတိုင်းကြော့ ကာလံနယ်-လွမ်းတာကြွယ်လို့-ပူနယ်ပွား။   ။

Download

နာဂဆဒ္ဒန်+ဖူးပွေ့လက်တင်+စက်လဲပျော်ပါနိုင်(mediafired)

နာဂဆဒ္ဒန်+ဖူးပွေ့လက်တင်+စက်လဲပျော်ပါနိုင်(minus)

သီချင်းကိုနှစ်သက်တယ်ဆိုရင် comment လေးထားပေးခဲ့ပါ။

Comments»

1. Aye S. Myint - May 5, 2012

ကျေးဇူးပါ၊ ကိုမင်းနောင် သီချင်းကြီးဆိုတာ နားမထောင်ဘူးသလောက်ဘဲ၊
ကာလပေါ်တွေတော့ စုဆောင်းထားတာရှိတယ်။
သီချင်း ကြီး တော့မရှိဘူး၊ရှိရင်ထပ်တင်ပေးပါအုံး၊သူဆိုထားတဲ့ ထန်းတက်သမား တျာချင်းများရှိရင်လည်း နားထောင်ခြင်ပါတယ်။ ထားသီချင်းတွေလည်းထပ်တင်ပါအုံး ။ရှိအုန်းမယ်ထင်ပါရဲ့ ။ကျေးဇူးတင်စွာဖြင့်။

2. tun lin - May 7, 2012

မဟာဂီတသီချင်းများကိုတင်ပေးသည့်အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ နောက်ထပ်လည်းဆက်လက်တင်ပေးပါအုံးလို့တောင်းဆိုပါရစေ………….

3. win win - May 28, 2012

ဖေကြီးက သီချင်းကြီးတွေ အရမ်းကြိုက်တာဆိုတော့ သီချင်းတွေငယ်ငယ်
က တော်တော်များများနားထောင်ဖူးတယ်။ မဟာဂီတကတော့ တစ်ခါတစ်လေမှ
နားထောင်ရတာ။ ငယ်တဲ့သူတွေများတော့ မကြိုက်မှာစိုးလို့လားမသိ
မဖွင့်ဘူး။ ဖေကြီးဆုံးပြီးတော့ အဲဒီဓါတ်ပြားတွေ ရှာလို့ကို မတွေ့တော့ဘူး။ ဒီမှာ နားထောင်ရတာ ကြိုက်လိုက်တာ၊ နားထောင်တိုင်းလဲ အဖေ့ကို သတိရတယ်။
ကြိုးစားရှာဖွေထားတဲ့ ကျေးဇူးတင်မက links တင်ရတာတဲ့ ဒုက္ခကလဲ မသေးတော့ ကျေးဇူးကမ္ဘာပါလို့..

4. Kyaw Min Htun - July 16, 2012

Thanks you for the share.

5. Our Tavoy - August 26, 2012

ကျေးဇူးတင်လျက်ပါခင်ဗျား။ မဟာဂီတတွေကို နားထောင်ရလို့၊ သို့တည်းမဟုတ် အဆီအနှစ် စားသုံးရလို့ပါ….။ ကျေးဇူးတင်လျက်ပါ…

6. Soe Min Oo. - October 25, 2012

အမှန်တကယ် နှစ်သက်ရတဲ့ မဟာဂီတပါဗျာ။
ကျွန်တော် အရမ်းသဘောကျပါတယ်။ ကျေးဇူးလဲအများကြီးတင်ပါတယ်။

7. Arca Jame - November 23, 2012

ကျေးဇူးအများကြီးတင်ပါတယ်

8. zanaka - June 26, 2013

ကြီးမားတဲ့ပညာ ရသ သုတတွေစုဝေးရာမြန်မာ့ မဟာဂီတလို့ဆိုချင်ပါတယ်
ဇနက ကျောက်ဖူး


Leave a comment